Sunday, June 19, 2016

အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နှင့် ၂၁-ရာစုပင်လုံညီလာခံ ပြည်မြို့တွင် ပထမဦးဆုံးအကြိမ်ကျင်းပ

Leave a Comment



အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နှင့် ၂၁-ရာစုပင်လုံညီလာခံ ပြည်မြို့တွင် ပထမဦးဆုံးအကြိမ်ကျင်းပ

 

ပြည်၊ဇွန်၊၁၈

 

အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နှင့် ၂၁-ရာစုပင်လုံညီလာခံ ဟောပြောပွဲအား ပထမဦးဆုံးအကြိမ် ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့ရှိ သီရိခေတ္တရာမြို့တော်ခန်းမတွင် ဇွန်-၁၈ရက် နံနက် ၉-နာရီအချိန်မှစတင်ကာ ကျင်းပပြုလုပ်သွားကြောင်းသိရသည်။

 

“မြန်မာပြည်တစ်ပြည်လုံးမှာဒီလိုပွဲတွေလုပ်သင့်တယ်။လာနားထောင်တဲ့သူတွေအတွက်အကျိုးအမြတ်တွေများစွာရှိတယ်။တပ်နဲ့ရောလက်ရှိအစိုးရရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရောပြည်သူတွေ၊နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးပှုးပေါင်းဆောင်ရွက်သင့်တယ်။အားလုံးဆွေးနွေးပြီး သဘောတူညီချက်ရရင်အောင်မြင်မှာပါ။ပင်လုံပင်လာခံပြီးဖို့ဆိုတာ ကျွန်တော့အသက် ၆၅-နှစ်ရှိပြီ မှီပါ့မလားမသိဘူး။ပြီးရင်ကောင်းတာပေါ့ အခြေခံဥပဒေပါ ပြင်ဆင်ပြီးဖြစ်မှာ။”ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်-ကပြောသည်။

 

အဆိုပါဟောပြောပွဲအား နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ရန်ကုန်(FPPS) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ပြည်ခရိုင်(FPPS) တို့မှပူးပေါင်းဆောင်ရွက်မှုဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နှင့် ၂၁-ရာစုပင်လုံညီလာခံ ဟောပြောပွဲကိုကျင်းပပြုလုပ်သွားခြင်းဖြစ်သည်။

 

“ပြည်သူလူထုအောက်ခြေနယ်မှာရှိတဲ့ နိုင်ငံရေးစိတ်ဝင်စားသူတွေအတွက် အပြန်အလှန်အမြင်ဖလှယ်ကြတဲ့အတွက် ဒီပွဲကအင်မတန်ကောင်းတယ်။ပင်လုံညီလာခံအောင်မြင်ဖို့အတွက် အဟန့်အတားအနေနဲ့အတွေးအခေါ်တွေ လိုအပ်ချက်တွေရှိလာလိမ့်မယ်။တပ်မတော်တစ်ဖက်ထဲမဟုတ်ဘူး၊တိုင်းရင်းသားလက်နက်ကိုင်တွေရော၊လက်ရှိအစိုးရရော၊နိုင်ငံရေးပါတီတွေရော အကုန်လုံး အတွေးအခေါ်ပြောင်းဖို့လိုတယ်။ပြည်သူကိုမနစ်နာစေတဲ့ဖြေရှင်းမှုမျိုးပြင်ဆင်ထားဖို့လိုတယ်။၂၁-ရာစုပင်လုံကနီးလာပြီ သတင်းတွေစီးတင်းမှုအင်မတန်အရေးကြီးတယ်။”ဟု ပြည်သူ့အရေးဂျာနယ်-ပင်တိုင်ဆောင်းပါးရှင် ဆရာအေးမောင်ကျော်-ကပြောသည်။

 

ယင်းဟောပြောပွဲတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ပြည်ခရိုင်(FPPS)မှအဖွင့်နူတ်ခွန်းဆက်စကားပြောကြား၍ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ရန်ကုန်(FPPS) ဦးဆောင်ကော်မတီဝင် ဦးတင်မောင်ဦး-မှအမျိုးသားပြန်လည်ရင်ကြားစေ့ရေး နှင့် ၂၁-ရာစုပင်လုံညီလာခံ ကျင်းပရခြင်း ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားသွားခဲ့ကြောင်းသိရသည်။

 

“ပြည်မြို့ကနိုင်ငံရေးအစဉ်အလာကြီးပါတယ်။ပင်လုံစိတ်ဓာတ် နိုင်ငံသားကိုအခြေခံတဲ့ တိုင်းချစ်ပြည်ချစ်နိုင်ငံချစ်တဲ့ စိတ်နဲ့လာရောက်ဆွေးနွေးပေးကြတာမြင်ရတယ်။အဓိက အစိတ်းအပိုင်းအရ ထောင်ကျနိုင်ငံရေးအကျဉ်းသား ၆၄-ဦး နဲ့ အချုပ်နဲ့တရားရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၇၄-ယောက်ရှိတယ်။ပြည်သူ့ဆန္ဒနဲ့ပြည်သူ့အသံထင်အပ်ဖို့ တန်ဖိုးထားဖို့လိုအပ်တယ်။မရှိမဖြစ်လိုအပ်နေတာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး  နဲ့ ၂၁-ရာစုပင်လုံညီလာခံဖြစ်ဖို့ တပ်မတော်နဲ့ တာဝန်သိ တာဝန်ရှိသူတွေအားလုံး ကျောချင်းကပ် လက်ခြင်းယှက်ပြီးပါဝင်ကြဖို့လိုတယ်။ပြည်သူ့ဆန္ဒ ပြည်သူ့အသံမပါပဲလုပ်မယ်ဆိုရင်တော့ ဒါဟာစိန်ခေါ်မှုတစ်ရပ်ဖြစ်ပေါ်လာနိုင်တယ်။”ဟု ယင်းအခမ်းအနားဖြစ်မြောက်ရေးစီစဉ်သူ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ရန်ကုန်(FPPS) ဦးဆောင်ကော်မတီ မှ ဦးထွန်းကြည်-ကပြောသည်။

 

အဆိုပါဟောပြောပွဲသို့ ရန်ကုန် နိုင်/ကျဉ်းအဖွဲ့၊ပြည်ခရိုင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသာဟောင်းများအဖွဲ့၊ပြည်သူ့အထောက်အကူပြုအဖွဲ့၊လူ့ဘောင်သစ်ပါတီ၊လက်တွဲကူမယ်-ပြည်လူငယ်အဖွဲ့၊ကျန်းမာရေးကွန်ယက်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊အိုးဝေပညာဒါန၊HRDP-လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၊ပြည်သူ့အထောက်အကူပြုအဖွဲ့၊စေတနာရှင်ပရဟိတအဖွဲ့၊ပြည်သူ့အကျိုးဆောင်ကွန်ရက်၊၈၈-ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့စည်း၊အနီရောင်နှလုံးသားအဖွဲ့၊UNDO-အဖွဲ့၊သခင်ကိုယ်တော်မှိုင်းကွန်ရက်စသည့်အဖွဲ့အစည်းများ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအင်အား ၂၀၀-ကျော်တက်ရောက်ခဲ့ကြောင်းသိရပြီး ယင်းဟောပြောပွဲအား ထိုနေ့နံနက်-၁၂-နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးသွားကြောင်းသိရသည်။

 

ဒီမိုကရေစီတူဒေးသတင်းစာ-K3(pyay)

 

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)



0 comments:

Post a Comment

Facebook Like Page