Tuesday, May 17, 2016

Leave a Comment


လေပြင်းတစ်ချက်အတိုက်မှာ သစ်ပင်ကျိုးကျ၍ အမျိုးသားတစ်ဦးသေဆုံးခဲ့
ပြည်၊မေ၊၁၆
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊န၀ဒေးတံတားအောက်အလွန်ရှိ ပြည်-ရန်ကုန်လမ်းမကြီး မိုင်တိုင်အမှတ်-၁၁၇/၂ အနီးတွင် မေ ၁၅-ရက်နေ့ ညနေ ၅-နာရီအချိန်ခန့်က ဆိုင်ကယ်မောင်းနှင်လာသည့် လင်မယားအပေါ် လမ်းဘေးရှိ သစ်ပင်လဲကျရာ အမျိုးသားဖြစ်သူမှာ သစ်ပင်ပိ၍ သေဆုံးသွားခဲ့ကြောင်းသိရသည်။
အဆိုပါ မေ-၁၅ ရက်နေ့ ညနေ ၅-နာရီအချိန်ခန့်တွင် ၅-မိနစ်ခန့်တိုက်ခိုက်သွားသည့် လေပြင်းတစ်ချက်ကြောင့် ပြည်-ရန်ကုန်လမ်း-မိုင်တိုင်အမှတ် ၁၁၇/၂ အနီးတွင် ပြည်မြို့ စကားတောင်ရပ်ကွက်အတွင်းနေထိုင်သူ လင်မယားနှစ်ဦးမှ ရွှေတောင်မြို့ဘက်သို့သွားနေစဉ် လမ်းဘေးရှိ ပိုးစားထားသည့် သရက်ပင်မှ လေတစ်ချက်အတိုက်တွင် ကျိုးပဲ့ပြိုလဲခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူမှာဦးစွာဆိုင်ကယ်နောက်ခိုင်ရာမှ ခုန်ကျခဲ့ရာ ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ယောက်င်္ကျားဖြစ်သူ ၆၂-နှစ်အရွယ်မှာ သစ်ပင်ပိကျ၍ ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ ပြည်ဆေးရုံကြီးသို့ပို့ဆောင်နေစဉ် လမ်းခုလတ်တွင် သေဆုံးသွားခဲ့ရကြောင်းသိရသည်။
“လင်းမယားနှစ်ယောက် ပြည်ရန်ကုန်လမ်းအတိုင်း ဆိုင်ကယ်မောင်းနေစဉ် အဲဒိမှာ လေပြင်းတစ်ချက်ဝှေ့လိုက်တာနဲ့ကြုံတွေ့ခဲ့ရပြီး လမ်းဘေးမှာရှိတဲ့ သရက်ပင်ကကျိုးကျတာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားသေဆုံးသွားခဲ့ရတာပါ။”ဟု ပြည်မြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
အဆိုပါ သစ်ပင်ပိ၍ သေဆုံးခဲ့သူအမျိုးသားတစ်ဦးသည် သစ်ပင်ပိသောဒဏ်ရာကြောင့် ဦးခေါင်းညာဘက်ထိပ်တွင်ပေါက်ပြဲဒဏ်ရာရှိခဲ့ပြီး ဇာတ်ပိုး နှင့် အခြားဦးခေါင်းပိုင်းများတွင် ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်းသိရသည်။
“အရမ်းတော်တဲ့လူတစ်ဦးပါ။ရပ်ကွက်ထဲမှာဆိုလည်း မြေနီလမ်းတွေလင်မယားနှစ်ယောက် ဆိုက်ကားနဲ့မနိုင်တစ်နိုင်သယ်ပြီးရပ်ကွက်လမ်းကိုခင်းခဲ့ကြတယ်။စေတနာအရမ်းကောင်းတဲ့လူတစ်ဦးပါ။အပတ်စဉ် ရွှေတောင်ကို လင်မယားနှစ်ယောက်မုန့်စားထွက်တတ်ကြတယ်။အခုလည်းရွှေတောင်ကိုမုန့်စားသွားတာနေလိမ့်မယ်။သရက်ပင်က ပိုးတွေထိုးပြီး ပိုးစားထားတော့ လေတစ်ချက်တိုက်တဲ့ဒဏ်ကိုမခံနိုင်ပဲကျိုးကျခဲ့တာ။လူနာတင်ကားနဲ့သယ်ဆောင်သွားချိန်မှာပဲဆုံးသွားရှာတယ်။” ဟု ပြည်မြို့ဒေသခံတစ်ဦးကပြောသည်။
အဆိုပါသေဆုံးသွားသည့် ပြည်မြို့၊စကားတောင်ရပ်နေထိုင်သူ ဦးဝင်းတင် အသက်(၆၃)နှစ်အား (၆၂-နှစ်သေဆုံး၍ မြန်မာထုံးတမ်းအစဉ်အလာအရ (၆၃)နှစ်ဟုသတ်မှတ်သည်) မေလ-၁၆ရက်နေ့ နေ့လည်တွင် အေးငြိမ်းရာသုဿန်သို့ပို့ဆောင်သဂြိုလ်သွားမည်ဖြစ်ကြောင်းသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်-ပြည်သတင်း
၀၉၂၅၃၃၁၁၀၁၉


0 comments:

Post a Comment

Facebook Like Page