Thursday, May 19, 2016

မြစ်ဆုံစီမံကိန်းသုံးနှစ်ပြည့်အနေဖြင့် ဆန္ဒထုတ်ဖော်ရာတွင် လက်ရှိအစိုးရအနေဖြင့် နိုင်ငံတစ်ကာဥပဒေများဖြင့်ဖြေရှင်း၍ စီမံကိန်းအပြီးတိုင်ရပ်ဆိုင်းပေးရန်တောင်းဆို

Leave a Comment



မြစ်ဆုံစီမံကိန်းသုံးနှစ်ပြည့်အနေဖြင့် ဆန္ဒထုတ်ဖော်ရာတွင် လက်ရှိအစိုးရအနေဖြင့် နိုင်ငံတစ်ကာဥပဒေများဖြင့်ဖြေရှင်း၍ စီမံကိန်းအပြီးတိုင်ရပ်ဆိုင်းပေးရန်တောင်းဆို

 

ပြည်၊မေ၊၁၈

 

 

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ဗိုလ်ချုပ်ကျောက်ရုပ်တွင် ပြည်မြို့-ပြည်သူ့အထောက်အကူပြုကွန်ရက်အဖွဲ့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဧရာဝတီမြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းရေး ၃-နှစ်ပြည့်အခမ်းအနား နှင့် ပြည်သူတို့၏ရင်ဖွင့်သံများ ဟူသည့် ၅-ပေx၃-ပေ ဗီနိုင်းပိုစတာချိတ်ဆွဲ၍ ဧရာဝတီမြစ်ဆုံမှယူဆောင်လာသည့် ကျောက်ခဲများ နှင့် မေခ-မြစ်ရေ နှင့် မလိခမြစ်ရေများ ရေသန့်ဗူးအတွင်းထည့်ရှိကာ ပြသထား၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ ဧရာဝတီမြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းရေး ၃-နှစ်ပြည့်အခမ်းအနား နှင့် ပြည်သူတို့၏ရင်ဖွင့်သံများ ဆန္ဒထုတ်ဖော်ပွဲကို မေ-၁၈ရက်နေ့ နံနက် ၉-နာရီအချိန်ခန့်မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ၄င်းအခမ်းအနားတွင် ဧရာဝတီမြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းရေး ၃-နှစ်ပြည့်အနေဖြင့် ကဗျာများ နှင့် ဒေသခံပြည်သူတို့၏ ရင်ဖွင့်စကားများကိုထည့်သွင်းပြောကြားသွားခဲ့ကြောင်းသိရသည်။

 

“ဒီနေ့မှာ ဧရာဝတီမြစ်ဆုံစီမံကိန်းအပြီးရပ်ဆိုင်းပေးဖို့တောင်းဆိုခဲ့တာပါ။တောင်သူတွေကို ပုဒ်မ ၄၄၇-၄၂၇တွေနဲ့ မတရားဖမ်းဆီးထားခံရတဲ့ အမှုကိစ္စတွေနဲ့ပတ်သက်ပြီးလည်းဆန္ဒထုတ်ဖော်တာတွေလုပ်ခဲ့တာပါ။ပဲခူးတိုင်းထဲက ကျော်စွာစက်ရုံက ပိတ်သိမ်းထားတာ ရပ်နားထားပြီး ၀န်ထမ်းလစာတွေ ထုတ်ယူနေတာတွေဟာ နိုင်ငံတော်ဘဏ္ဍာငွေကိုထိခိုက်စေတယ်။စက်ရုံတွေတည်ဆောက်ပြီး ဒေသခံမြေတွေသိမ်းခံရတာတွေလည်းအများကြီးရှိနေလို့ အခုအစိုးရကိုရင်ဖွင့်ဆန္ဒထုတ်ဖော်တာပါ။ဝန်ကြီးချုပ်လာတုန်းက အမှန်တစ်ကယ်နစ်နာတဲ့ပြည်သူဒေသခံတွေနဲ့အကုန်တွေ့မသွားရလို့ ဒီနေရာက ရင်ဖွင့်ဖို့ကျန်တဲ့ပြည်သူတွေကိုထုတ်ဖော်ရင်ဖွင်ပေးခဲ့ပါတယ်။ဧရာဝတီမြစ်ဆုံကိစ္စကိုအပြီးတိုင်ရပ်ဆိုင်းပေးရမယ်။ရပ်ဆိုင်းမပေးဘူးဆိုရင် ဒီထက်မက မရရတဲ့နည်းနဲ့လုပ်ဆောင်သွားနေအုံးမှာပါ။မြစ်ဆုံကိုလုံးဝအထိခိုက်မခံနိုင်ပါဘူး။ခုလက်ရှိအစိုးရလည်းကာကွယ်ပေးပါ။ဘာမှကာကွယ်မှုတွေလုပ်ဆောင်မပေးဘူးဆိုရင် အခုလက်ရှိအစိုးရဟာလည်း ပြည်သူ့အစိုးရလို့သတ်မှတ်လို့မရပါဘူး။” ဟု ဦးဆောင်ဆန္ဒထုတ်ဖော်သူ ဦးကျော်ဆွေ-ကပြောသည်။

 

၎င်း မြစ်ဆုံစီမံကိန်း ၃-နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ယခုလို ဆန္ဒထုတ်ဖော်ခွင့်ကို မေ-၁၆ ရက်နေ့တွင်ခွင့်ပြုစာတင်ခဲ့ပြီး မေ-၁၇ ရက်နေ့တွင်ခွင့်ပြုမိန့်ရရှိခဲ့ကြောင်းသိရပြီး ဆန္ဒထုတ်ဖော်သူများက မြစ်ဆုံဆည်ကိစ္စ ပြည်သူများနစ်နာမှုများစွာကြုံတွေ့နေရကြောင်းဟောပြောခဲ့ကြပြီး မြစ်ဆုံဆည်အပြီးတိုင်းရပ်ဆိုင်းရေး-ဒို့အရေး၊မတရားမှုချုပ်ငြိမ်းရေး-ဒို့အရေး၊ပုဒ်မ ၄၄၇-၄၂၇ တို့အားဖြေရှင်းညှိနှိုင်းဆောင်ရွက်ပေးရေး-ဒို့အရေး၊ပြည်သူ့ဘဏ္ဍာများ အလဟဿမဖြစ်ရေး-ဒို့အရေးစသည့်ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ကြောင်းသိရသည်။

 

“ရန်ကုန်မြို့ကနေ ဧရာဝတီမြစ်ဆုံဖြစ်တဲ့ မေခ မလိခမြစ်ဆုံအထိလမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့မှုဟာ ဒီနှစ်ဆို သုံးနှစ်ပြည့်မြောက်ခဲ့တဲ့နေ့ပါ။ဧရာဝတီမြစ်ဆုံကိစ္စကို နည်းမျိုးစုံနဲ့ မြန်မာအစိုးရဆီကနေယူနေကြတယ်။ဒီမြစ်ဆုံစီမံကိန်းကိစ္စကို ပြည်သူတွေအားလုံး-လုံးဝလက်မခံနိုင်ပါဘူးဆိုတာကိုထပ်မံပြီးဒီနေရာကနေ ရင်ဖွင့်ဆန္ဒထုတ်ဖော်တာပါ။တရုတ်ဝန်ကြီးချုပ်နဲ့မြန်မာအစိုးရတို့ကိုဒီနေရာက တင်ပြ ရင်ဖွင့်လိုက်ပါတယ်။ခုလိုဆန္ဒထုတ်ဖော်ရတာက ပြည်သူ့ရင်ဖွင့်သံတွေကို လက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေ ကြားစေမြင်စေချင်လို့ခုလိုဆန္ဒထုတ်ဖော်ရတာ။လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူတွေအထဲကို ထဲထဲဝင်ဝင်လာမကြည့်နိုင်ဘူး။လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်းတစ်ဆင့်ကြည့်နိုင်ရန်နဲ့အခုလို ပြည်သူဖတ်တဲ့သတင်းစာ ရုပ်သံတွေကနေ ရင်ဖွင့်ဆန္ဒထုတ်ဖော်ခဲ့တာပါ။အခုလက်ရှိအစိုးရအနေနဲ့ အရင်အစိုးရရဲ့ လာဒ်လာဘ လိုချင်မှုစိတ်နဲ့မြန်မာပြည်ကြီးကိုရောင်းစာနေတာကို နိုင်ငံတစ်ကာတရားဥပဒေနဲ့ယှဉ်ပြီးတော့ ဖြေရှင်းပေးပါလို့ လက်ရှိအစိုးရကိုတောင်းဆိုချင်ပါတယ်။” ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင်သူ ဦးဇော်ဦး-ကပြောသည်။

 

အဆိုပါ ဆန္ဒထုတ်ဖော်ရာတွင် ဧရာဝတီမြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းရေး၊ပတရားသောအမှုများပပျောက်ရေး၊ပုဒ်မ-၄၄၇ နှင့် ပုဒ်မ-၄၂၇ တို့ဖြင့် တရားစွဲဆိုခံထားရသည့် တောင်သူများအတွက် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးရန် နှင့် နိုင်ငံတော်၏ ဘဏ္ဍာများ အလဟဿဖြစ်နေမှုများအား စီစစ်ထိန်းကျောင်းပေးနိုင်စေရေးကိစ္စရပ်များကို တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပြီး ၄င်းဆန္ဒထုတ်ဖော်မှုကို ပြည်မြို့-ပြည်သူ့အထောက်အကူပြုကွန်ရက် မှ ဦးကျော်ဆွေ၊ဦးဇော်ဦး၊ဦးမင်းနိုင်-တို့မှဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပြီး ပြည်မြို့-ပြည်သူ့အထောက်အကူပြုကွန်ရက် နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၀-ကျော်ခန့်ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ပြီး ဆန္ဒထုတ်ဖော်မှုအား ထိုနေ့ နံနက် ၁၁-နာရီအချိန်ခန့်တွင်ပြီးမြောက်ခဲ့ကြောင်းသိရသည်။

 

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
 
ပြည်သတင်းလူငယ်-ပြည်သတင်း
၀၉၂၅၃၃၁၁၀၁၉










 

0 comments:

Post a Comment

Facebook Like Page