Friday, July 3, 2015

တံတားဖွင့်ပြီး နှစ်လအကြာတံတားပြိုကျခဲ့

Leave a Comment
တံတားဖွင့်ပြီး နှစ်လအကြာတံတားပြိုကျခဲ့

ပြည် ၊ ဇူလိုင် ၊ ၃

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်မြို့နယ်အတွင်းရှိ မြစိမ်းကျွန်းအနီး ကျွန်းမီးအုပ်စုတွင် အလျားပေ၊၁၂၀၊ရှိ ရွှေတံငါ ချောင်းကူးတံတားစတင်ဖွင့်လှစ်ပြီး ၂-လအကြာမှာခါးလည်မှကျိုးကျသွားကြောင်းသိရသည်။

အဆိုပါတံတားအား ၂၀၁၅၊ခုနှစ်၊၄၊လပိုင်း၊၂၂၊ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၂၅၊ရက်နေ့ ညနေကျောင်းဆင်းချိန် ၃း၃၀မိနစ်ချိန်ခန့်မှာ တံတား၏ရေလည်တွင်ရှိနေသော တိုင်နံပါတ် p(3) နှင့် p(4)တိုင်များ အောက်ခြေမှကျွတ်ထွက်ကာပြိုကျသွားကြောင်းဒေသခံများထံမှသိရသည်။

“တော်တော်ဒုက္ခရောက်တာပေါ့၊ကျောင်းဆင်းချိန် ကလေးတွေတံတားနားမရောက်ခင် ၀ုန်းဆိုပြီးတန်းပြိုကျခဲ့တာ ကံကောင်းလို့ဘယ်သူမှဘာမှမဖြစ်တာ။လမ်းကဆိုး တံတားကကျိုးဆိုတော့ ပညာရေး၊စီးပွားရေးတွေနဲ့ကျန်းမာရေးတွေအတွက်အချိန်နှောင့်နှေးသွားကြရတယ်။လှေသမားတွေက တခါတလေပိုက်ဆံယူတတ်ကြတယ်အခမဲ့လို့သတ်မှတ်မရဘူး။နောက်တခါလုပ်မယ်ဆိုရင် သေသေချာချာခိုင်ခိုင်ခံ့ခံ့လေးလုပ်ပေးပါလို့ပြောချင်ပါတယ်။”ဟု သာယာသစ်ကျေးရွာနေ ကိုကြည်လှိုင် မှပြောသည်။

၎င်းတံတားကို ကျေး/လက်ဦးစီးရန်ပုံငွေဖြင့် ဖူးဝေဟိန်း-ကုမ္မဏီ မှတာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပြီး ဆိပ်တဲကျေးရွာနှင့်ကျွန်းမီးအုပ်စု ဆက်သွယ်ထားသော ရွှေတံငါချောင်း ကိုဖြတ်ကာဆောက်လုပ်ထားသည့် တိုင်(၇)တိုင်ပါရှိသောတံတားတည်ဆောက်ရာတွင် အလယ်တိုင်နှစ်တိုင်မှာပြိုကျသွားမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် တာဝန်ယူဆောက်လုပ်ထားသော ကုမ္မဏီမှတာဝန်ရှိသူများမှ လက်ရှိတစ်ဘက်ကမ်းသို့ဖြတ်လိုပါက အခမဲ့လှေစီးနိုင်ရန်စီစဉ်ပေးလျက်ရှိကြောင်းသိရသည်။

“အခမဲ့လှေစီးရအောင်စီစဉ်ပေးထားပါတယ်။ကုမ္မဏီနဲ့ဘယ်နှစ်နှစ်အာမခံ(ဂရမ်နီ)ပေးထားလည်းဆိုတာမသိပါဘူး။စာချုပ်ပါအကြောင်းအရာမသိတာပါ။သဘာဝဘေးကြောင့်လား၊ဆောက်လုပ်သူလိုအပ်ချက်လား၊ပစ္စည်းအရည်သွေးညံ့လို့လားဆိုတာတွေစုံစမ်းပြီးအရေးယူနိုင်ပါတယ်။လောလောဆယ်တော့စုံစမ်းထားမှုမရှိဘူး။ကုမ္မဏီကလည်းပြန်လုပ်ပေးမယ်ပြောတယ်။”ဟု ပန်းတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်မှပြောသည်။

အဆိုပါတံတားတစ်ဘက်ကမ်းတွင်ရှိသော ကျွန်းမီးအုပ်စုအတွင်းမှ ကျေးရွာများမှာ ဂျင်းရဲကျွန်း၊သာယာကုန်း(သစ်/ဟောင်း)၊လက်သည်ကုန်း၊ကျွန်းကလေး(ရွာကြီး/ရွာသေး)၊ကန့်လန့်ကုန်း၊မြစိမ်း(ရှေ့ရွာ/နောက်ရွာ)၊ရွှေတောင်စု၊လက်ပံကျွန်း၊အိုးဖိုကုန်းနှင့် ရေလယ်ကျွန်းအုပ်စုအတွင်းမှ အောင်မင်္ဂလာကျေးရွာစုစုပေါင်း ၁၂၊ရွာမှဒေသခံများ သွားလာရေးခက်ခဲနေမှုများရှိပြီး အဆိုပါတံတားအား အမြန်ဆုံးပြန်လည်တည်ဆောက်ပေးလိုကျောင်းသိရသည်။   

 မောင်မဲခေါင်(ပြည်)messengernewsjournal
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019


0 comments:

Post a Comment

Facebook Like Page