Thursday, December 11, 2014

ဦးပိုင်လီမီတက်ပိုင်အင်ငါးခွသကြားစက်ရုံမှ ဆေးခွင့်ရ၀န်ထမ်းကို ဒါရိုက်တာဒုဗိုလ်မှူးကြီးဟောင်းက ကိုယ်ထိလက်ရောက်ရိုက်နှက်ဆုံးမခဲ့မှုအား ၀န်ထမ်းခြင်းဆုံးမမှုမှာထူးဆန်းသည့် ကိစ္စမဟုတ်ဟု စက်ရုံမှူးကပြောဆို

Leave a Comment

ပေါက်ခေါင်း၊ နိုဝင်ဘာ ၁၄

ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ မြန်မာဦးပိုင်လီမိတက်ပိုင် အင်ငါးခွသကြား စက်ရုံမှ ဒါရိုက်တာဖြစ်သည့် ဒုဗိုလ်မှူးကြီးအုန်းမြင့်(ငြိမ်း) က စက်ရုံဝန်ထမ်းများကို ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးမ နေမှုများကို ၀န်ထမ်းခြင်းဆုံးမနေမှုမှာထူးဆန်းသ်ာကိစ္စမဟုတ်ကြောင်း စက်ရုံမှူးကပြောဆိုလိုက်သည်။

ထိုသို့ရိုက်နှက်ဆုံးမခြင်းကို နောက်ဆုံးခံခဲ့ရသည့် အင်ငါးခွသကြားစက်ရုံမော်တော်ယာဉ်ဌာန ယာဉ်မောင်း-၄ ကိုသန်းမြတ်စိုးက အကူညီတောင်းခံသွားရန်ဆုံးဖြတ်ခဲ့ခြင်းကြောင်း ၎င်းမှာ ဦးနှောက်အာရုံကြော အားနည်းမှုကြောင့် ရန်ကုန် ကွယ်ကဘောဆေးရုံတွင်ဆေးကု သမှုခံယူနေရပြီး နိုဝင်ဘာ ၁၄ ရက်နေ့ထိကျန်းမာရေးဆေးခွင့်ရယူထားသော်လည်း စရိတ်ကြီးမြင့်မှုကြောင့် နေထိုင်ရာစက်ရုံဝန်ထမ်းလိုင်းခန်း သို့ပြန်လာခိုက် နိုဝင်ဘာ ၁၃ ရက်နေ့မနက်က၀န်ထမ်းများကြိုပို့ရန် ခိုင်းစေမှုကြောင့် မောင်းနှင်ပေးခဲ့ရပြီး တန်းစီချိန်တွင်မရှိသောကြောင့် ၀န်ထမ်းများရှေ့တွင် အလုပ်ထွက်ခိုင်းခဲ့ပြီး မထွက်လိုကြောင်းပြောဆိုရာမှ ဦးခေါင်းသို့ထိုးကျိတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ထိုးကြိတ်ခံခဲ့ရသူကိုသန်းမြတ်စိုးကပြောသည်။

“ ကျွန်တော်ဆေးခွင့်လည်းတင်ထားပါတယ်၊ ရန်ကုန်မှာကစားစရိတ်ကြိးလို့ပြန်လာတာပါ၊ သူတို့ခေါ်ခိုင်း တော့လည်း လုပ်ပေးပါတယ်အဲဒါကိုတန်းစီတော့မင်းလာအုံးဆိုပြီး ထိုးတယ်၊ အလုပ်ထွက်မလားပြောတယ်၊ မိသားစု နဲ့ဆိုတော့ကျွန်တော်မထွက်ချင်ပါဘူးဆိုတာမရဘူး ဒီတစ်ခါတည်းလည်းမဟုတ်ပါဘူး၊ အရင်သူကားမောင်းတုန်းကလည်း ဒီလိုပဲထိုးတယ် လူကြီးတွေနဲ့အဆင်မပြေတိုင်း ၀န်ထမ်းတွေကိုမဲတော့တာပဲ ၀န်ထမ်းတော်တော်များများထိုးကြိတ်တာခံရဘူးတယ် အခုဟာကတော့လူအများကြီးရှေ့မှာ အထိုးခံရတာဆိုတော့ ရှက်တာလည်းပါတယ် ဘယ်လိုမှလည်းသည်းမခံနိုင်တော့လို့ အကူညီပေးနိုင်မဲ့သူတွေကို ဆက်သွယ်ရတာပါ အလုပ်ပြုတ်ချင်လည်းပြုတ်ပါစေတော့ လိုင်းကားပဲမောင်းစားတော့မယ်” ဟု၎င်းကဆက်လက်ပြောသည်။

ယာဉ်မောင်းအားထိုးကြိတ်ခံရချိန်တွင် စက်ရုံးမှူးအပါဝင် အခြားအထက်အရာရှိများလည်းရှိနေကြောင်း စက်ရုံမှူးအားဆက်သွယ်မေးမြန်းခဲ့ရာတွင် “ မနက်ပိုင်းမှာဒါရိုက်တာကမော်တော်ယာဉ်တွေကိုစစ်ပါတယ် ကျန်းမာရေးမကောင်းလို့ဆိုပြီးမလာနိုင်ဘူးပြောတယ် သွားခေါ်တော့ဟိုလိုလိုဒီလိုလိုနဲ့ နည်းနည်းလေး မထီလေးစားလုပ်တာပေါ့ ဆေးကုသတယ်ဆိုပေမယ့်ပြန်ရောက်တာ နှစ်ရက်လောက်ရှိပြီး ၀န်ထမ်း တစ်ယောက်ကအထက်အရာရှိတစ်ယောက်ကို အထက်အရာရှိဆိုတာမှာ ကျွန်တော်ထက်မြင့်တဲ့ ဒါရိုက်တာကိုပေါ့ မလေးမစားလုပ်တော့ ဘယ်ဘက်လက်နဲ့ နထင်ကိုရိုက်လိုက်တာပေါ့နော် ၀န်ထမ်း အခြင်းခြင်းမထီလေးစားလုပ်တဲ့ကိစ္စဆုံးမတာကိုဘာများထူးနေလို့လဲ ဆုံးမထိုက်လို့ဆုံးမတာပဲလို့ ကျွန်တို့မြင်တယ်လေ ၀န်ထမ်းပေါင်း ၅၀၀ ကျော်လောက်မှာ ဖောက်တဲ့တစ်ယောက်စနှစ်ယေယာက်ကို ဆုံးမတဲ့အခါမှာလည်း နည်းနည်းပါးပါးတော့ရှိမှာပေါ့ ညှင်းပန်းနှိပ်စက်နေတာတော့မဟုတ်ပါဘူး” ဟုစက်ရုံးမှူး ဗိုလ်မှူးကြီးတင့်ဆန်း(ငြိမ်း)ကပြန်လည်ဖြေကြားခဲ့သည်။

ယင်းဒါရိုက်တာ၏ထိုးကြိတ်နေမှုများကို ကြိုက်နှစ်သက်ခြင်းမရှိသော်လည်း ၀န်ထမ်းအများစု အလုပ်ဖြုတ်ခြင်း ခံရမည်စိုးသောကြောင့် ပြန်လည်ပြောဆိုရဲသူရှိကြောင်း ပုဂိလိကစက်ရုံတစ်ရုံတွင် စစ်တပ်သဖွယ်အုပ်ချုပ်နေ ခြင်းကို လက်မခံနိုင်ကြောင်း အလုပ်သမားများ၏အခွင့်ရေးကိုလည်း ချိုးဖောက်ရာရောက်ကြောင်း ၀န်ထမ်းအချို့အားလည်း ဖိုင်းချသည့်အနေဖြင့်ပေါက်ခေါင်းမှ ရန်ကုန်ရုံးသို့ နေ့စဉ်သုံးရက်ဆက်တိုက် အသွားပြန်ရုံးတက်ခိုင်းသည်များလည်း ရှိပြီး ပြန်လည်ပြောသူများကိုဌာနပြောင်းခြင်းများကိုလည်း ပြုလုပ်ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည့်ဝန်ထမ်းများကပြောသည်။

“ ကျွန်တော်လည်းအထိုးခံခဲ့ရဘူးပါတယ်၊ မကြာသေးဘူးသူ့ကားကိုမောင်းတာပါပဲ ကားကျော်တက်လည်း ထိုးတယ် အခြားလူကြီးနဲ့အဆင်မပြေဖြစ်လည်းထိုးတယ် မခံနိုင်တော့လို့ သူကားမောင်းတာက နေထွက်လိုက် တယ် အခုတော့စက်ရုံအခြားဌာနတစ်ခုမှာရောက်နေတယ် ဒါကရိုးရိုးစက်ရုံရိုးရိုးဝန်ထမ်းပဲဗျာ၊ သူ့စစ်တပ်မှ မဟုတ်တာ စစ်သားလိုလာအုပ်ချုပ်လို့ဘယ်ရမလဲ ” ဟုဝန်ထမ်းတစ်ဦးကပြောသည်။

၂၀၁၃ ခုနှစ် ဧပြီလတွင်းကလည်း အဆိုပါစက်ရုံလုံခြုံရေးရဲကင်းတွင်မူးယစ်ဆဲဆိုမှုဖြင့် နှစ်ရက်ကြာချုပ်နှောင်ဖမ်းဆီးခံထားရသည့် အချုပ်သားတစ်ဦးအား ရဲဝန်ထမ်းများက ရိုက်နှက်မှုကြောင့်သေဆုံးခဲ့ရပြီး ရဲသားများကိုယ်တိုင် မြေမြှပ်ခြင်းမိသားစုကိုငွေပေးခဲ့ခြင်းများကြောင့် ခုံရုံးဖွဲ့၍ အလောင်းအားပြန်လည်တူးဖော်စစ်ဆေးခဲ့ရမှုများလည်းရှိခဲ့ပြီး စက်ရုံ၏စွန့်ပစ်ပစ္စည်းနှင့်ရေဆိုးများကြောင်း ချောင်းများညစ်ညမ်းခြင်း အနီးနားယာခင်းများပျက်စီးခြင်းများရှိကြောင်း ဒေသံခံများကပြောဆိုခဲ့ပြီး ယင်းသို့ရိုက်နှက်နေမှုကို အလုပ်သမားအဖွဲ့စည်းများသို့တိုင်ကြား အကူညီတောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။

သရေခေတ္တရာ သတင်းမီဒီယာ

0 comments:

Post a Comment

Facebook Like Page